သတင်းနှင့်ဆောင်းပါးစာမျက်နှာ





ငြိမ်းချမ်းရေးတည်ဆောက်သူ ၊ အသက်ကိုတန်ဖိုးထားလေးစားသူ ဘာသာပေါင်းစုံအတူတူ ခရစ္စမတ်အကြို ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပခြင်း



Dec 22, 2016




ငြိမ်းချမ်းရေးတည်ဆောက်သူ ၊ အသက်ကိုတန်ဖိုးထားလေးစားသူ ဘာသာပေါင်းစုံအတူတူ  ခရစ္စမတ်အကြို ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပခြင်း

 

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်းရှိ ၈၂လမ်း ၂၅x၂၆ကြားရှိ ရွှေနှလုံးတော် ဘုရားရှိခိုးကျောင်း တွင် (၂၁.၁၂.၂၀၁၆) ရက်နေ့ နံနက်(၉း၀၀-၁၂း၀၀)ထိ  ဘာသာပေါင်းစုံ ခရစ္စမတ်အကြိုပွဲတော်ကို ဘုန်းတော်ကြီး မာကုတင်ဝင်းနှင့် စစ္စတာရ် ကက်သရင်းတို့မှ ဦးဆောင်ကာ ’’ ငြိမ်းချမ်းရေးတည်ဆောက်သူ ၊အသက်ကို တန်ဖိုးထားလေးစားသူ ဘာသာပေါင်းစုံအတူတူဆိုသည့် ခေါင်းစဉ်ဖြင့် ’’ကျင်းပပြုလုပ်ခဲ့ပါသည်။

ပွဲတော်သို့ ဗုဒ္ဒ၊အစ္စလာမ်၊ဟိန္ဒူ နှင့် ခရစ်ယာန်စသည့် ဘာသာကြီး(၄)ဘာသာမှ ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ ၊သီလရှင်များနှင့် ဘာသာဝင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

 

ကက်သလစ်ခရစ်ယာန်သီလရှင် စစ္စတာရ် ကက်သရင်းမှ ’’ကျွန်ုပ်တို့ဟာ  နိစ္စဒူဝ လူသားများအကျိုးကို ဆောင်ရွက်ကြရင်း ဆုံတွေ့ခဲ့ကြတဲ့ သူတွေဖြစ်တယ်။ခရစ်ယာန် ၊အစ္စလာမ်၊ဗုဒ္ဒ၊ဟိန္ဒူ ဘာသာများမှ အတူတကွရောက်ရှိလာကြတာဖြစ်တယ်။ကျမတို့တတွေဟာ တစ်စုစီ တစ်ခုစီ မဟုတ်ဘဲ အားလုံးဟာ အတူတူပဲဖြစ်တယ်။သခင်ခရစ်တော်ဟာလောကသားအပေါင်းကို ငြိမ်းချမ်းရေး ပေးတဲ့အရှင်ဖြစ်တယ်။ အားလုံးအတူတကွငြိမ်းချမ်းရေးအတွက်ဆောင်ရွက်မယ်ဆိုရင်၊ကျွန်မအားလုံးဟာအတူတကွငြိမ်းငြိမ်းချမ်းချမ်း နေထိုင် ကြမယ်ဆိုရင် သေချာပါတယ် ငြိမ်းချမ်းရေး တည်ထောင် သူများဖြစ်ကြပါလိမ့်မယ်။ ကျမတို့တွေ ကိုးကွယ်ကြတဲ့ ဘုရားရှင်၊ ပရောဖတ်ကြီးများ၊ ဆရာကြီးများ၊ဆရာမကြီးများဟာတော့  တစ်ခုတည်းသောတရားကိုပြခဲ့ကြတယ်၊အဲ့ဒီတရားကတော့ မေတ္တာတရားပဲဖြစ်တယ်’’ဟု ပြောကြား ခဲ့ပါသည်။

 

ဟိန္ဒူဘာသာမှ ဘုန်းတော်ကြီး ဦးစန္ဒရာဒက်စ် မှပြောကြားရာတွင်လည်း ’’ ယေရှုခရစ်တော် ကြွမြန်းလာခြင်းဟာ အမှန်တကယ်တော့  လောကမှာဓမ္မတရားမှေးမှိန်လာပြီး အဓမ္မ တရားကြီး စိုးနေချိန်မှာ ယေရှုခရစ်တော်ဟာ ဓမ္မတရားကို ပြန်လည်ထူထောင်ဖို့အတွက် ၊ဆင်းရဲဒုက္ခရောက်နေ သူသတ္တ၀ါတွေကို ကယ်တင်ဖို့အတွက် ဤလောကကို ကြွမြန်းလာတာဖြစ်တယ်လို့ ကျွန်ုပ်လက်ခံပါ တယ် ’’ ဟုပြောကြားခဲ့ပါသည်။

 

ဗုဒ္ဒဘာသာမှ အာရှအလင်းရောင်ဆရာတော် ဦးစိန္တိတ မှ မြွတ်ကြားရာတွင် ’’ အခုလို မြင့်မြတ်တဲ့ ဘုရားကျောင်းတော်ကြီးထဲမှာ ဘာသာပေါင်းစုံအတူတကွတွေ့ရတဲ့အတွက် ၀မ်းသာ ပိတိဖြစ်ရပါ တယ်။တစ်ဦးနဲ့တစ်ဦးသဟဇာတဖြစ်ဖို့ဆိုတာနှလုံးသားခြင်းနီးဖို့လိုပါတယ်။ဒါကြောင့်မို့လို့ခုလိုတွေ့ဆုံခွင့်ရအောင်လုပ်ဆောင်ကြတဲ့သူများအားလုံးနှင့် ကြွရောက်လာသူများအားလုံးကိုကျေးဇူးတင်ပါတယ်။ အရင်ကဆိုရင် တစ်နေရာနဲ့တစ်နေရာ သွားဖို့ခက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အရင်ကဒါက ခရစ်ယာန်တွေ၊ ဒါကအစ္စလာမ်တွေ၊ ဒါကဗုဒ္ဒတွေ၊ ဒါကဟိန္ဒူတွေလို့ပဲမြင်ကြလို့ဖြစ်တယ်။ လူကို လူလို့မမြင်ကြဘူး၊အဲဒါဟာအရမ်းကိုပင်ပန်းတယ်။အခုလိုပြောင်းလဲလာတဲ့ကာလမှာလူကိုလူလို့မြင် လာကြပြီ။ဘာသာတရားကိုကျွန်ုပ်တို့ကိုးကွယ်ကြတာဟာလွတ်လွတ်လပ်လပ်နေဖို့ဖြစ်တယ်။ဘာသာတရားကိုအခြေပြုပြီးမုန်းကြတာအဆိုးဆုံးဖြစ်တယ်။စိတ်ပျက်ဝမ်းနည်းစရာလည်းကောင်းတယ်။သည်းခံခြင်းကိုဘာသာတရားတိုင်းမှာသင်ပေးပါတယ်။ကျွန်ုပ်တို့ရှေ့က ဘိုးဘေးတွေလည်း မေတ္တာတရားကို ပြပြီးနေထိုင်ကျင့်သုံးကြပြီးသေသွားခဲ့တာဖြစ်တယ်။ဘာသာတရားတိုင်းမှာ သနားခြင်း၊ခွင့်လွှတ်ခြင်းကို သင်ပေးတာကိုလည်းတွေ့ရတယ်။ဒါကြောင့်မို့ ဘာသာတစ်ခုကိုကြည့်ရင် ဆိုးတဲ့ သူကို မကြည့် ပါနဲ့။သူတို့ကိုကြည့်ပြီးမသတ်မှတ်ပါနဲ့။ သူတို့နဲ့ပေါင်းကြည့်လိုက်ပါ။ သူတို့ရဲ့ သွန်သင်မှုတွေကိုလေ့လာ ကြည့်ကြလိုက်ပါဦးလို့ ’’  ဟု မြွတ်ကြားခဲ့ပါသည်။

 

အစ္စလာမ်ဘာသာဝင်မှ ဦးစိုးနေဦးမှလည်း ’’ အစ္စလာမ်၏ အဓိပ္ပာယ်ဟာ ငြိမ်းချမ်းခြင်းဖြစ်ပါတယ်။ သင်တို့အပေါ်မှာ ငြိမ်းချမ်းသာယာခြင်း ခညောင်းပါစေလို့ ဆုတောင်းခြင်းဖြစ်တယ်။ အစ္စလာမ်ရဲ့ ကိုရမ်ကျမ်းအစအဆုံးမှာလည်းငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့ညွှန်ကြားထားတာဖြစ်တယ်။ခန္ဒီပါရမီရှိသူတွေဟာ ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ကြတယ် ’’ ဟု ပြောကြားခဲ့ပါသည်။

 

ဘာသာကြီးလေးဘာသာသာမှ ဆရာတော်ကြီးများဘုန်းတော်ကြီးများ၊ သီလရှင်များသည် မိမိတို့ ကိုးကွယ်ရာဘာသာအလိုက် ငြိမ်းချမ်းခြင်းနှင့်ဆိုင်သော အရာများကို ပြောကြားခဲ့ပြီးသည့်နောက် အမိမြန်မာပြည်ကြီးငြိမ်းချမ်းစေရန် ရည်ရွယ်သော ဖယောင်းတိုင်ထွန်းညှိဆုတောင်းခြင်းကို ဘာသာကြီး(၄)ဘာသာမှ အကြီးအကဲများမှ ဖယောင်းတိုင်မီးအားထွန်းညှိခဲ့ကြပါသည်။

 

ပွဲတော်သို့ကြွရောက်လာသော စစ်ကိုင်းရွှေတောင်းဦးကျောင်းတိုက် မှ ဆရာလေးဟေမာဝတီမှလည်း ’’ အခုလို ဘာသာပေါင်းစုံနဲ့အတူတကွဆုတောင်းခွင့် တွေ့ဆုံခွင့်ရရှိတဲ့အတွက်၊ငြိမ်းချမ်းရေးအတွက် ဘာသာအလိုက် ထားရှိကြတဲ့စိတ်များကို သိရှိရသည့်အတွက်  အင်မတန်မှ ၀မ်းသာမိပါတယ် ’’ဟု ပြောပြခဲ့ပါသည်။

 

ဘာသာပေါင်းစုံ ခရစ္စမတ်အကြိုပွဲတော်ကို နှစ်စဉ်ပြုလုပ်လေ့ရှိပြီး ပြုလုပ်ရခြင်း အဓိက ရည်ရွယ် ချက် သည် ’’ ဘာသာကြီးလေးဘာသာမှအတူတကွလက်တွဲလုပ်ဆောင်နေကြသောသူများတွေ့ဆုံပွဲဖြစ်ပြီး၊ တွေ့ဆုံသည့်အခါတွင်လည်း ခရစ်ယာန်များဘက်မှ ခရစ္စမတ်အကြို သံဃာများ၊သီလရှင်များအား နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် မြန်မာပြည်တစ်ဝှမ်းအပါအ၀င် ကမ္ဘာတစ်ဝှမ်းလုံး၌ ငြိမ်းချမ်းခြင်း ရစေဖို့ ရန်အတွက် ဘာသာပေါင်းစုံ မိမိတို့ကိုးကွယ် ယုံကြည်ရာဘာသာအလိုက် စုပေါင်းဆုတောင်းသော အခမ်းအနားတစ်ခုဖြစ်သည် ’’ ဟု ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီး မာကုတင်ဝင်း မှပြောပြခဲ့ပါ သည်။

Pinky ( MDY-OSC)

 

အခမ်းအနားအပြီးတွင် ဆရာတော်များ၊သံဃာတော်များ သီလရှင်များအားနေ့ဆွမ်းဆက်ကပ်ခဲ့ပြီး ခရစ်ယာန်များမှ ခရစ္စမတ်နှင့် ဆိုင်သော ဖျော်ဖြေရေးအစီအစဉ်ဖြင့် ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

 




<

ယခင်စာမျက်နှာသို

|

နောက်စာမျက်နှာသို့ 

>