ဝါတွင်းကာလ မှာ “လှည့်စားပရိယာယ်” အစာရှောင်ခြိုးခြံခြင်းကို မနှစ်မျို့ ကြောင်း ပုပ်ဖရန်စစ် မြွက်ကြား

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ရဲ့ Casa Santa Marta မှာ ဟောကြားတဲ့ မစ္ဆားအချိန်မှာ ၄င်းရဲ့ အခေါ်အရ “လှည့်စားပရိယာယ်” အစာရှောင်ခြိုးခြံခြင်းကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ စစ်မှန်တဲ့ ခရစ်ယာန်တစ်ယောက်ဟာ ခြိုးခြံမှုပြုတဲ့အခါ ဟန်ပြသက်သက်မဟုတ်ပဲ ဟန်ချက်ညီကျစ်လစ်နေရမယ်။ တစ်ပါးသူကို မတူမတန် ဆက်ဆံတာမျိုးတွေ အငြင်းပွားရန်လိုတာတွေကို ဘယ်တော့မှ မပြုလုပ်ကြဘို့ သတိပေးပြောဆိုကာ ဒီအမူအကျင့်တွေနဲ့ ဆန့် ကျင်တဲ့ အပြုအမူတွေဟာ “၀ါတွင်းကာလစိတ်ထား” နဲ့ လားလားမှ မအပ်စပ်ပဲ မိမိကိုယ်တိုင် ဆန်းစစ်ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။ အဲ့ဒီနေ့ ရဲ့ ကျမ်းချက်ပေါ်မှာ အရှင်သူမြတ်က ထောက်ရှုဆင်ခြင်ပြီး မတရားမှုရဲ့ ချုပ်နှောင်မှုတွေကို ဖြေလွှတ်ခြင်း ထမ်းပိုးဝန်ကို ဖြေလွှတ်ခြင်း အဖိနှိပ်ခံတွေကို လွတ်မြောက်စေခြင်းဆိုတဲ့ ဦးတည်ချက်တွေရှိမှသာ သခင်ဘုရား ရဲ့ လက်ခံဘွယ် ခြိုးခြံခြင်းဖြစ်ပါတယ်။ ခြိုးခြံဝါရှောင်ခြင်းဟာ ၀ါတွင်းကာလရဲ့ ၀တ္တရားတွေထဲက တစ်ခုဖြစ်ပြီး သင့်ရဲ့ ရိုးတွင်ချဉ်ဆီထဲက အာသီသရှိတဲ့ ခြိုးခြံခြင်းကို လုံးလုံးလျားလျား ကြီးမစွမ်းဆောင်နိုင်ခဲ့ရင်တောင်မှ သင်ဟာ ရိုကျိုးနှိမ့်ချခြင်းနဲ့ သိုသိပ်ကျစ်လစ်စွာ ဆက်လက်ခြိုးခြံလို့ ရပါသေးတယ်။ ဟေရှာယ ပရောဖက်က လူတွေဟာ ကိုယ့်တာဝန်ကိုယ်ယူ ကိုယ့်အလုပ်ကိုယ် လုပ်ပြီး ကျင့်စဉ် အနေနဲ့ ကျင့်ကြပေမယ့် အဆုံးကျတော့ ရန်လို ထိခိုက်တာတွေနဲ့ အဆုံးသတ်လိုက်တဲ့ အခါ ပြုခဲ့တဲ့ ခြိုးခြံခြင်းဟာ ဟန်ချက်မညီရတဲ့ သာဓက အဖြစ်ထောက်ပြခဲ့ပါတယ်လို့  အရှင်သူမြတ်က ဆိုပါတယ်။

ခြိုးခြံခြင်းဆိုတာ တစ်စုံတစ်ယောက် ဂုဏ်မောက်ထောက်လွှားမှုကို နဲနဲလောက် ဖဲ့ဆိတ်ခြင်းပါပဲ။ ဘုရားကိုတော့ ကျေးဇူးတင်ပါတယ်ဆိုပြီး တစ်ချိန်တည်းမှာပဲ မ၀ရေစာ စားနေရတဲ့ မိမိရဲ့ လက်အောက်ငယ်သားတွေကို မတူမတန်  ဆက်ဆံတာဟာလည်း ဆီလျော်မှု မရှိ ၊ ခရစ်ယာန် မပီသခြင်းလို့ ပြောရမှာဖြစ်ပါတယ်။ ဘုရားနဲ့ နတ်ဆိုး ကို တစ်ပြိုင်တည်းမှာ စကားလက်ဆုံကျလို့ မရပါဘူး။ ကိုယ်ခြိုးခြံနေမှန်း လူသိအောင် အဖြစ်သည်းပြပြီး ငါတို့ ဟာ ကက်သလစ်တွေ ဖြစ်လို့ ပါရမီတွေကျင့်၊ အပြစ်ဒဏ်တွေ ဆပ်ဖြေနေရတဲ့ ပုံတွေ ပေါ်လွင်အောင် တဆိပ်တစ်အိပ်လုပ်ပြီး လူအထင်ကြီးအောင် လုပ်ပြတယ်ဆိုရင် သူတော်ကောင်းယောင်ဆောင်ခြင်း ၊ မာယာများခြင်းလို့ ခေါ်ရမှာဖြစ်ပါတယ်။ သံဝေဂ ယူနေမှန်း မသိရအောင် တော့ ပြုံးရွှင်ခြင်းနဲ့  ဖုံးကွယ်ထားသင့်တယ်။ ခြိုးခြံ ၀ါရှောင်ခြင်းဟာ မိမိကိုယ်ကိုယ်နှိမ့်ချပြီး ဘုရားရှင်ထံကနေ အခွင့်ကည လွတ်ဘို့ တောင်းခံခြင်းဖြစ်တယ်။ လူသိရှင်ကြား ဖြစ်ရတဲ့ အပြစ်အမှား ဟာ ရှက်စရာကောင်းပါတယ်။ တစ်ဝမ်းတစ်ခါး အတွက် အလုပ်လုပ်ကြရပြီး အိမ်ရှင်တွေရဲ့ မောက်မာ ရိုင်းပျ မတူမတန် ဆက်ဆံခံရမှုတွေ ကို အောက်ကျို့ နေရတဲ့ အိမ်အကူတွေကို အမြဲအမှတ်ရနေပါတယ်။ အိမ်ရှင် အမျိုးသမီးတစ်ဦးက ၈၁ နှစ်အရွယ် ရှိတဲ့ အိမ်အကူ မိန်းမကြီးကို ပါးရိုက်တဲ့ ဖြစ်ရပ် ကို ကျွန်ုပ်ကိုယ်တိုင် မြင်ခဲ့ရဖူးပါတယ်။ အိမ်ရှင်တွေတိုင်းဟာ မိမိတို့ ရဲ့ အိမ်အကူ တွေကို မျှမျှတတ လူတစ်ယောက်လို ဆက်ဆံကြရဲ့လား။ ကျွန်တစ်ယောက်လို ခိုင်းစေကြတာလား။ သင့်တင့်မျှတတဲ့ လုပ်အားခပေးကြပါရဲ့လား။ လူ့ ဂုဏ်သိက္ခာကို ထောက်ထားပြီး အားလပ်ရက် ပေးကြပါရဲ့လားလို့ ပြန်ဆန်စစ် ကြည့်ကြပါလို့ နှိုးဆော်လိုက်ပါတယ်။ အိမ်အကူတွေ ကို ခေါင်းပုံဖြတ်လေ့ရှိတဲ့ ဂုဏ်သရေရှိ လူကြီး တစ်ယောက်ကို ဒါဟာ ကြီးလေးတဲ့ အပြစ်တစ်ခုဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ ငါတို့ အားလုံးဟာ ဘုရားရှင်ရဲ့ ပုံရိပ်နဲ့  ထပ်တူ ဖန်ဆင်းခြင်း ခံထားရလို့ ဖြစ်တယ်လို့  ကျွန်ုပ်ရှင်းပြခဲ့ဖူးတယ်လို့ ထပ်ဆင့်ပြောဆိုပါတယ်။

ဖာရီဇေဦးနဲ့  စာဍစေဦး (စက်ဂျူစီ) တွေလို  ခရစ်ယာန် အတုအယောင်တွေ တော့ မလုပ်ကြပါနဲ့ ။ ကျွန်ုပ်လည်း လုပ်နိုင်ရည်မရှိတဲ့ အရာကို လုပ်မှာ မဟုတ်ပဲ ကိုယ်လုပ်နိုင်တဲ့ အရာကိုပဲ စစ်မှန်တဲ့ ခရစ်ယာန်တစ်ယောက် အနေနဲ့ ပြည့်ပြည့်၀၀ လုပ်ဆောင်သွားပါမယ်။ တည်ကြည်ခိုင်မြဲ နိုင်တဲ့ ဆုကျေးဇူး ကိုတောင်းခံကြပါလို့ ပြောကြားပြီး အရှင်သူမြတ်ပုပ်ဖရန်စစ် က ၄င်းရဲ့ သြ၀ါဒ ကို အဆုံးသတ်ခဲ့ပါတယ်။

RVA-Myanmar/Vatican News

Sr.Perpetua Nyein Nyein Loo, SJA (Cyprus)